|
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
ဇူလိုင် ၂၄ ၊၂၀၂၆ခုနှစ်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ စီမံခန့်ခွဲမှုပညာဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှု ပညာ(အထူးပြု) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို (၂၄-၇-၂၀၂၆)နေ့၊ နံနက် (၀၈:၀၀) နာရီတွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ မော်ကွန်းထိန်းများ၊ ဆရာ၊ ဆရာမများနှင့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ(အထူးပြု)မေဂျာမှ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား/ ကျောင်းသူများမှ "မြတ်ဆရာ" သီချင်းဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ များမှ ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ Marketing Management Major သည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး အလွန်အသုံးဝင်သော မေဂျာတစ်ခုဖြစ်ပါကြောင်း၊ ကုန် ပစ္စည်းထုတ်လုပ်ရာတွင်ဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ဆောင်ရာ၌ဖြစ်စေ၊ ဈေး ကွက်၏ သဘောတရားများ၊ အသုံးချနည်းဗျူဟာများ၊ MSME (Micro, Small and Medium) လုပ်ငန်းများ လုပ်ကိုင်သူများအတွက် Social Media Platform များ အသုံးပြုပြီး မိမိတို့ကုန်ပစ္စည်း များကို Digital Marketing နည်းပညာများနှင့် ဆန်းသစ်တီထွင်မှုများဖြင့် မည်သို့ရောင်းချရမည်ကို သင်ကြားပေးသော မေဂျာတစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နှစ်စဉ် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ကာ မဟာဘွဲ့နှင့် ဒီပလိုမာသင်တန်းများအထိ ဆက်လက် တက်ရောက်၍ ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိနိုင်ရန် ကြိုးစားသင့် ပါကြောင်း၊ 21st Century Skills များနှင့် ပြည့်စုံအောင် ကြိုးစားသွားကြစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပူဇော်ထိုက်သူကို ပူဇော်ရသည့်အကျိုးကြောင့် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း၊ မိမိအကျိုး၊ တက္ကသိုလ်အကျိုး၊ မိမိတို့ဒေသအကျိုးနှင့် နိုင်ငံတော်က အားကိုးအားထားပြုရသော ထူးချွန် ထက်မြက်သည့် လူတော်လူကောင်းများ ဖြစ်လာကြပါစေကြောင်း ဆုတောင်းစကား ပြောကြား ခဲ့ပါသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် စီမံခန့်ခွဲမှု ပညာဌာနမှ ပါမောက္ခ(ဌာနမှူး)တို့က မောင်မယ်သစ်လွင်များအတွက် ကြိုဆိုနှုတ်ခွန်းဆက် သြဝါဒစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှု ပညာ(အထူးပြု) မဟာတန်း(ဒုတိယနှစ်) ကျောင်းသားတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဒုတိယနှစ်ကျောင်းသားတစ်ဦးမှလည်း ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး အစီအစဉ်အရ King & Queen, People Choice Award ရွေးချယ်ပွဲကို ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်များအား မိတ်ဆက်ပေးခဲ့ပြီး တက်ရောက်လာသူများ၏ မဲပေးရွေးချယ်မှုဖြင့် ဆုရရှိသူများ ကို ရွေးချယ်ခဲ့ကြသည်။ ရွေးချယ်ခံရသည့် King & Queen, People Choice Award (Boy & Girl) တို့အား စလွယ်နှင့် အမှတ်တရလက်ဆောင်များကို ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ စာရင်းအင်း ပညာဌာနမှ ပါမောက္ခ(ဌာနမှူး)နှင့် စီမံခန့်ခွဲမှုပညာဌာနမှ ပါမောက္ခ(ဌာနမှူး)တို့က အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြပြီး ယခင်နှစ် King, Queen ရရှိသူများမှ သရဖူများကို လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး မောင်မယ် သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို နေ့လယ် (၃:၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ ပါသည်။
|