|
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား
၂၀၂၆ခုနှစ်၊ ဩဂုတ် ၁၁ ရက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ(စစ်ကိုင်း)၊ (၁၁.၈.၂၀၂၆) ရက်နေ့၊ နေ့လည် (၂း၃၀)နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications” သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်ဒေါက်တာဥမ္မာစံ၊ ဒုတိယပါမောက္ခချုပ်များ၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံ ခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ အင်အား(၁၃၀)ဝန်းကျင် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာဥမ္မာစံမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်ခဲ့သည့် အခမ်းအနားသည် အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ နယူးဒေလီမြို့၊ ဂရိတ်တားနွိင်ဒါမြို့မှာ စာရင်းအင်းပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်အိသော်တာမွန် တက်ရောက်ခဲ့တဲ့ “Statistical Theory and Applications” သင်တန်းနှင့် ပတ်သက်ပြီး အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားဖြစ်ပြီး အလွန်အရေးပါပြီး အကျိုးရှိသော အစီအစဉ် တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံရပ်ခြားတွင် ပညာသင်ယူစဉ်အတွင်း ရရှိခဲ့သည့် အသိပညာ၊ အတွေ့အကြုံများ၊ သုတေသနနည်းလမ်းများနှင့် အကောင်းဆုံး အလေ့အကျင့် များကို မျှဝေပေးခြင်းဟာ တက္ကသိုလ်ရဲ့ သင်ကြားရေး၊ သုတေသနနှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ပညာတော် သင်အဖြစ် သွားရောက်လေ့လာသင်ယူခဲ့တဲ့ အတွေ့အကြုံများကို မျှဝေခြင်းဖြင့် ကိုယ်တိုင် ရရှိခဲ့သော အသိပညာများကို ပြန်လည်အသုံးချနိုင်စေရုံသာမက ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အမြင်သစ်များ၊ အတွေးသစ်များ နှင့် လေ့လာသင်ယူလိုစိတ်များကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ နိုင်ငံခြားပညာသင်ဆုကို ရယူခြင်းဖြင့် တစ်ဦးချင်းရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုအတွက်သာမက တက္ကသိုလ် ရဲ့ ပညာရေး အရည်အသွေး၊ သုတေသနစွမ်းရည်နှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်အတွက်လည်း အရေးကြီးပါကြောင်း၊ ပညာသင်ဆု သွားရောက်သင်ယူမယ့် ဆရာ/ဆရာမများ၊ဝန်ထမ်းများအနေဖြင့် နောက်ဆုံးပေါ်အသိပညာ၊ နည်းပညာနှင့် သုတေသန အတွေ့အကြုံများကို သင်ယူဆည်းပူးပြီး ပြန်လည်ရောက်ရှိလာတဲ့အခါ မိမိ တက္ကသိုလ်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ အကျိုးစီးပွားအတွက် လက်တွေ့ အသုံးချနိုင်အောင် ဒေါ်အိသော်တာမွန် ကဲ့သို့ နိုင်ငံခြားပညာသင်ဆုများကို လျှောက်ထားရယူနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း” ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)မှ အမှာစကား ပြောကြားခဲ့ပြီးနောက် စာရင်းအင်းပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်အိသော်တာမွန်က အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ နယူးဒေလီမြို့၊ ဂရိတ်တားနွိင်ဒါမြို့ မှာတက်ရောက်ခဲ့တဲ့ “Statistical Theory and Applications” သင်တန်းနှင့် ပတ်သက်ပြီး အတွေ့အကြုံရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသည် များမေးမြန်းလာသည့်အပေါ် စာရင်းအင်းပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်အိသော်တာမွန်မှ ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
   
|